မြို့သစ်မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို အောက်တိုဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းက တလုပ်ပင်ကျေးရွာအုပ်စု၊ မြေခြားကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့်ပလတ်စတစ်၏ဆိုးကျိုးများအကြောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဆရာဦးမြင့်ကြည်က  ကလေးအလုပ်သမားပပျောက်ရေးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဦးဆယ်မောင်က စားသုံးရန်မသင့်သည့်  စားသောက်ကုန်များနှင့် စားသောက်ကုန်အညွှန်း အမှတ်တံဆိပ်များအကြောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များကို အသိပညာရရှိစေရေး စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)