ပြည် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်ဒေသ၊ သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များရှိရာ နေရာများနှင့် သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်သို့ နည်းပညာတက္ကသိုလ်(ပြည်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် လေ့လာရေးခရီးစဉ်ဖြင့် လာရောက်လေ့လာကြကြောင်းသိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် နည်းပညာတက္ကသိုလ်(ပြည်)မှ ပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင် ဦးဆောင်သော ဆရာ၊ ဆရာမ ၂၀ ဦး နှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၆ဦး စုစုပေါင်း ၁၃၆ ဦး ပါဝင်ပြီး ယင်းလေ့လာရေးအဖွဲ့အား သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများအဖွဲ့က လိုက်ပါပို့ဆောင် ရှင်းလင်းပြသပေးကြသည်။
ရှေးဦးစွာ လေ့လာရေးအဖွဲ့သည် နံနက် ၇ နာရီ က စတင်၍ ပျူခေတ် သံထည်ပစ္စည်းများ ထုတ်လုပ်သည့် သံချက်ဖိုများတည်ရှိရာ "ဖိုးကျားမြောင် " အပါအဝင် ကုန်းအမှတ်(၅၃)၊ ဘောဘောကြီးစေတီ၊ ဆွေတော်မျိုးတော်များသင်္ချိုင်း၊ ရဟန္တာရေကန်၊ ရဟန္တာဂူဘုရားနှင့် ရဟန္တာမြို့ဝင်တံခါးပေါက် အစရှိသော သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များရှိရာ နေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် သီရိခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက်လေ့လာကြပြီး ယင်းလေ့လာရေး ခရီးစဉ်တစ်လျှောက်တွင် သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်သစ်ငြိမ်း၊ ဦးစီးအရာရှိ(သုတေသန) ဒေါ်ယုယုဆွေ၊ ဦးစီးအရာရှိ(ပြတိုက်မှူး) ဒေါ်ယုယုဆွေနှင့် ဝန်ထမ်းများက လေ့လာရေးအဖွဲ့အား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသပေးခဲ့ကြပြီး မွန်းလွဲ ၃နာရီတွင် လေ့လာရေး ခရီးစဉ်ပြီးမြောက်ခဲ့ကြောင်း သရေခေတ္တရာဌာနစု တာဝန်ရှိသူများထံမှသိရသည်။
ကိုဆက်(ပြန်/ဆက်)