ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကျွန်းစု အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က.ကျွန်းစုကျောင်းမှ သမီးငယ်လေးများက ဂယ်ပဲ့ ဂယ်ပဲ့ Myanmar Fitness Dance သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီးများအဖွဲ့မှ အကျနည်းသရုပ်ပြခြင်း၊ ခတသရုပ်ပြခြင်း၊ ဂျွမ်းသရုပ်ပြခြင်းများကို ပြသခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ အမျိုးသား 45+50kg တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား အခြေခံပညာဦးစီးဌာန၊ ဒုမြို့နယ်ပညာရေးမှူး ဦးအေးစိုးကလည်းကောင်း၊ အမျိုးသမီး 40kg တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းကလည်းကောင်း၊ အမျိုးသမီး 45kg တွင် အကောင်းဆုံးအားကစားသမားဆုနှင့် ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲတွင် ပထမဆုရရှိသော အမျိုးသား၊ အမျိုးသမီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းကလည်းကောင်း တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့​ကြောင်း သိရသည်။

စိုးစိုးသွယ်(ကျွန်းစု)