ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ Human Papilloma Virus ( HPV ) ဆေးအား စတင်ထည့်သွင်းထိုးနှံပေးခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လ အတွင်း မွေးဖွားသည့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (၁၃)မျိုးမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရကာ ယနေ့ မွန်းလွဲပိုင်းက သားအိမ်ခေါင်းကင်ဆာ Human Papilloma Virus ( HPV ) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်မှ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး ကလေးငယ် စုစုပေါင်း (၃၅)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း ၁၅၈၃ ဦး ရှိကြောင်း သိရပြီး ကျန်ရှိသည့် ကျေးရွာများမှ အမျိုးသမီးငယ်များကို အောက်တိုဘာ ၂၁ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )