ငါးသိုင်းချောင်းမြို့၌ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ

ငါးသိုင်းချောင်း   အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ကြေညာစာအမှတ် ၇/၂၀၂၀ဖြင့် အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်၍ ည(၁၂:၀၀)နာရီမှ နောက်တစ်နေ့ နံနက်(၄:၀၀)အထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးတွင် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ငါးသိုင်းချောင်းမြို့အဝင်ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်နေရာနှင့် မြို့တွင်းရှိ နေရာအနှံ့အပြားတွင် အဆိုပါအမိန့်အား သက်ဆိုင်ရာမြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူးနှင့် နယ်မြေလုံခြုံရေး လှည့်ကင်းပူးပေါင်းအဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့နှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့မှ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်သွားနိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံလှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါညမထွက်ရအမိန့်ကြေညာချက်ကာလမှာ (၂)လကြာမြင့်မည်ဖြစ်ပြီး အဆိုပါကာလအတွင်း အရေးပေါ် ကိစ္စရပ်များကို သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းမှ အပ ချိုးဖောက်ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပြီး လက်ရှိအခြေအနေတွင် အများပြည်သူ၏ အကျိုးငှာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လတ်တလော အခြေအနေတွင် ငါးသိုင်းချောင်းမြို့၊ အ-ထ-က‌ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာတွင်  ယနေ့အထိ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူခဲ့သူ(၁၅၄)ဦး အထိရှိခဲ့ပြီး (၆၄)ဦး နေရာကန့်သတ်စောင့်ကြည့်မှု ဆက်လက်ခံယူလျက် ရှိကြောင်း၊ ငါးသိုင်းချောင်းတိုက်နယ် ပြည်သူ့ဆေးရုံတွင် အဆိုပါနေရာကန့်သတ် စောင့်ကြည့်စင်တာမှ ပြည်တွင်းနေရပ်ပြန် စောင့်ကြည့်မှုခံယူနေသူ၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ လူနာ(၁)ဦးအား (Isolation ward) သီးသန့်ထားရှိ စောင့်ကြည့်ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ မြို့ကျန်းမာ‌ရေးဌာနမှ သိရှိရပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)