ခန္တီး အောက်တိုဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူလေးများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာ/ ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဒေါ်နန်းအေးခိုင် လူငယ်လေးများအား အသိပညာ၊ ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ပြီး ပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စိတ်ကြိုက်ကဗျာရေးစပ်ပြိုင်ပွဲတွင် အလယ်/အထက်တန်းအဆင့် ကျောင်းသား/သူ (၁၆) ဉီး၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲတွင် အလယ်/အထက်တန်းအဆင့် ကျောင်းသား/သူ (၁၈)ဉီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းတစ်ဖွဲ့ (၁၀)ဉီး အထက်တန်းတစ်ဖွဲ့(၁၀)ဉီး နှစ်ဖွဲ့ခွဲ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူ လေးများအား ခရိုင်ဘေး/စီမံဉီးစီးမှူး ဒေါ်ဝင်းနု၊ အထက်တန်းပြဆရာမ ဒေါ်မို့မို့စံ၊ အလယ်တန်းပြ ဆရာမ ဒေါ်နေခြည်လင်းတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး လာရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် “ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး”လက်ကမ်းစာစောင့်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)