တောင်ငူ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ဆင်ဆိပ်၊ လဲဘူး၊ ထန်းကုန်း၊ စပါးကြွယ်နှင့် ဘိုကတော်ကျေးရွာအုပ်စုများရှိ တောင်သူများအား မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ အထွက်ကောင်းမျိုးများ အသိပညာပေးခြင်းနှင့် တောင်သူလက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က တောင်ငူမြို့နယ်အတွင်း မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲမျိုးများ စိုက်ပျိုးမည့်တောင်သူများအနေဖြင့် နှစ်စဥ်အကျိုးစီးပွားဖြစ်ထွန်းစေရန် စိုက်ပျိုးနိုင်မည့်ရာသီအလိုက် တစ်သီးမှ နှစ်သီး၊ နှစ်သီးမှ သုံးသီးအထိ တိုးမြှင့်စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုစိုက်ပျိုးစေလိုကြောင်း၊ သီးနှံစိုက်ပျိုးချိန် နောက်ကျမှုမရှိစေရေးအတွက် ကြိုးပမ်း စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၌ တောင်ငူမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဇော်ဇော်ဂျိမ်းစ်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းတို့က သီးနှံများအထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးကာ ယခင်နှစ် ထွက်ရှိနှုန်းထက် ပိုမိုထွက်ရှိမည့် စိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးမြေများ အောင်ရေရရှိရေးအတွက် ဆည်ရေသောက်စနစ်များဖြင့် ဖြန့်ဖြူးဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်ကြသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းကြပြီး ကျေးရွာအုပ်စုအလိုက် မတ်ပဲ၊ ပဲတီစိမ်း (ရေဆင်း)မျိုးအား ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)