ငဖဲမြို့နယ်၌ ဝါသီးနှံ ၂၀၂၃ ဧက စိုက်ပျိုးပြီးစီး

ငဖဲ  အောက်တိုဘာ  ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးရန် ၃၁၅၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယမန်နေ့ထိ ၂၀၂၃ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါ  ရွှေတောင်-၈၊ ရွှေတောင်-၁၀ ၊ ငွေချည်-၉ နှင့် ငွေချည် -၁၁ ဝါမျိုးများကို ပင်ဦး၊ ချောင်းဖြူ၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိန်း၊ ဆင်ချည်တိုင်၊ ပဒါန်းနှင့် သာယာကုန်းကျေးရွာအုပ်စုများတွင်  အများဆုံး စိုက်ပျိုးကြပြီး မျိုးကွဲအလိုက်စိုက် ဧကမှာ ရွှေတောင်-၈ (  ၃၅၀ )ဧက၊ ရွှေတောင်-၁၀ ( ၁၅၆၅) ဧက၊ ငွေချည်-၉ (၂၀ )ဧကနှင့်  ငွေချည်-၁၁ ( ၈၈) ဧက စုစုပေါင်း (၂၀၂၃ )ဧက စိုက်ပျိုးပြီးစီးပြီး ၂၀၂၂ ခုနှစ် မိုးရာသီဝါသီးနှံကို ၁၄၃၃ ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း ၅၁၂.၁၄ ပိဿာထွက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဝါမျိုး စေ့နှင့် သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများ အထွက်နှုန်းကောင်းမွန်ရေး၊ အပင်ဖြစ်ထွန်းရေးတို့အတွက် စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေးနှင့် သတ်မှတ်အထွက်နှုန်း ပြည့်မီစေရေး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ နည်းပညာများ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)