ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့်စားသုံးဆီများပေးအပ် ၊ ဘောလုံးပွဲကြည့်စင် ပြုပြင်မွမ်းမံပြီးစီးမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၈

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်)သို့သွားရောက်ကာ သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ထပ်ဆောင်းထောက်ပံ့ငွေ၊ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြု နှုတ်ဆက်စကားပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သောလူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က သင်တန်းသား၊ သင်တန်းသူများ အာဟာရအစားအစာများ ဖြည့်စွက်ကျွေးမွေးနိုင်ရန်အတွက် ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ပြီး လိုအပ်သည် များကိုလည်း ထပ်မံဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား ၊ သင်တန်းသူများက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြည်နယ်အတွက် အရည်အချင်းပြည့်၀သည့် ပြည်နယ်ဂုဏ်ဆောင်မျိုးဆက်သစ်ထူးချွန် အားကစားသမားများ ပေါ်ထွက်လာစေရန် ဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ထပ်ဆောင်း ထောက်ပံ့ငွေများ၊ ဆန်နှင့်စားသုံးဆီများပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူကိုယ်စားလှယ်()ဦးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကျောင်းဝန်းအတွင်း  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ဘောလုံးပွဲကြည့်စင်များ ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)