လွိုင်ကော် အောက်တိုဘာ ၈
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့်အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့်အဖွဲ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများကကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ်ခုတ်ထွင်ရှင်းလင်းနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် (၂)ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးများ ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းသွားရောက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ်ခုတ်ထွင်ရှင်းလင်း နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပါဝင်သော အပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)