ဘားအံ အောက်တိုဘာ ၈
လက်မှုအနုပညာပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာစုဆောင်းနိုင်ရန်နှင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့နိုင်ရေး ဈေးကွက်မြှင့်တင်ပေးနိုင်ရန်အတွက် မီးအိမ်ဝါးလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ကော့မူးရာ၊ ကော့တရုတ်ရကျေးရွာအုပ်စု ဘားအံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ အဆိုပါအရောင်းဆိုင်တည်နေရာ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း လယ်ယာကဏ္ဍတစ်ခုတည်းကိုသာ အားကိုးအားထားပြုနေရသည့် ကျေးလက်နေတောင်သူများအတွက် ဒုတိယဝင်ငွေရရှိစေပြီး အလုပ်အကိုင်အခွင့် အလမ်းများနှင့်အတူ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာပါကမိသားစုဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသထွက်ဝါးနှင့်ပြုလုပ်သည့် ရိုးရာလက်မှုအသုံးအဆောင်ပစ္စည်းများကို တစ်နေရာတည်းတွင်စုံလင်အောင် ကြည့်ရှုလေ့လာဝယ်ယူနိုင်ရန်နှင့် ပြန်လည်ဖြန့်ဖြူးနိုင်ရန်အတွက် အရောင်းဆိုင်ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ကတိုက်တွန်းရင်း လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(One Village One Product)ထုတ်လုပ်နိုင်သည်အထိ အားပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းခရီးသွားများ စိတ်ဝင်စားစွာ ဝယ်ယူအသုံးပြုခြင်းဖြင့် ဒေသစီးပွားရေးပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် ဒေသ၏ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရန်ကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မီးအိမ်ဝါးလက်မှုအရောင်းဆိုင်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ နောင်ထလုံးကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာတာဝန်ခံက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ဝါးလက်မှုအမှတ်တရလက်ဆောင်များပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးအိမ်ဝါးလက်မှုအရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မီးအိမ်ဝါးလက်မှုအရောင်းဆိုင် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပတ်ဖျန်းပေးကြကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုင်အတွင်းခင်းကျင်းပြသထားသော နာရီ၊ စုဘူး၊ ပလိုင်း၊ မီးအိမ်၊ ခမောက်အစရှိသည့် ဝါးဖြင့်ပြုလုပ်ထားသော လူသုံးကုန်လက်မှုပစ္စည်းများကို ကြည့်ရှုလေ့လာဝယ်ယူအားပေးခဲ့ကြပြီး တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၂၀၆-စ၊ တောကြီးကွင်း၌ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆)ဧက အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်အဆင့်ဟင်းသီးဟင်းရွက်စိုက်ခင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်က စံပြစိုက်ခင်းအတွင်း အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ခွဲဝေနေရာချထားပေးမှုနှင့် သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေ၊ တောင်သူ(၁၅)ဦးအနက် (၁၃)ဦးအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ရန်ပုံငွေ(၃၇၁)သိန်းထုတ်ချေးပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်းအစား ရာသီအလိုက်သီးနှံအမျိုးအစားများ ပြောင်းလဲစိုက်ပျိုးရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းတွင် စိုက်ပျိုးလုပ်ကိုင်ကြသော ထုံးအိုင်ကျေးရွာနှင့်ဝင်းကျန်ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံပြီး မိမိတို့ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြပြီး ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးမွေးမြူလုပ်ကိုင်ခဲ့ကြသည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ် ကိုင်ခြင်းသည် ကောင်းမွန်သောအမွေကိုဆက်ခံခြင်းဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံမှသာ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည့်အတွက် သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်သီးနှံများကို ဖြစ်မြောက်အောင်မြင်အောင် စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး မြေဩဇာနှင့်လိုအပ်သည်များကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းအတွင်း စိုက်ပျိုးထားသော သခွား၊ ဖရဲ၊ ငရုတ်၊ ဖူးစားပြောင်း၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ ခဝဲ၊ ရွှေဖရုံစိုက်ခင်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်လ တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးစီး၍ အမှတ်(၂)တပ်မတော် ဆေးရုံတပ်မှူးနှင့်တပ်မတော်သားဆရာဝန်၊ ဆေးမှူး၊ သူနာပြုနှင့် အကူဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်တပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၃၀၀ ဦးခန့်ဖြင့် ဆေးရုံအတွင်း၊အပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေးတူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)