ဆင်ပေါင်ဝဲမြို့နယ် ဘော်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘော်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို အောက်တိုဘာ ၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဒေါ်စိမ်းနုဝေက ဥပဒေအကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်ကျော်မြင့်က  မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရမည့်အချက်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးနှင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဦးတို့က အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး”ဆိုတဲ့ခေါင်းစဥ်ထဲမှ “လူငယ်တွေရဲနေထိုင်မှုပုံစံ၊ လူငယ်တွေဘဝတိုးတက်ဖို့အတွက် ဘယ်လိုတွေစာဖတ်ကြမလဲ”စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဘော်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား အသိပညာဗဟုသုတများ ရရှိအောင် ဟောပြောပေးသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုးက အားကစားပစ္စည်းများလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)