နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပထမဆုံးအကြိမ် သားအိမ်‌ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံရန် မိတ်ဆက်

လဟယ်  အောက်တိုဘာ   ၂၀

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (HPV) သားအိမ် ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း၍ ပထမအကြိမ်ထိုးနှံရန် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန် လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လဟယ်မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင်အောင်က အဖွင့်အမှာ စကား ပြောကြားပြီး ဒေါက်တာ အောင်ကျော်ဆန်းလင်းမှ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော (HPV) ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် စတင်ထည့်သွင်းပြီး ပထမအကြိမ် ထိုးနှံမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါ ကာကွယ်ဆေးကို အသက် (၉) နှစ်မှ (၁၀) နှစ် အတွင်းရှိ မိန်းကလေးများအား ထိုးနှံ သွားမည်ဖြစ်ပြီး လဟယ်မြို့နယ်အတွင်း ပထမအကြိမ်အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်းရှိ မိန်းကလေး (၈၃၃) ဦးအား ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ရှား‌ဆက် (လဟယ်ပြန်ဆက် )