ပခုက္ကူ အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အောက်တိုဘာလ၆ရက် နံနက်၉နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်းဆင်းပွဲကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာသမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစား၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့်သင်တန်းများ အခြေအနေတို့ကို PowerPointဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအခြေအနေကို လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်းကွာဟမှု ကျဉ်းမြောင်းစေရေး၊ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ မေလ၈ရက်မှ အောက်တိုဘာလ၆ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးရာ သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)