ဂန့်ဂေါ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများပေါ်ထွန်းစေရန်အတွက် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.ထ.က(မြို့မ) ကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးနေမျိုးသူရက ကျောင်းသား/သူများအား “ရည်မှန်းချက်ရှိမည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာဖတ်ရှုကြပြီး အခမ်းအနားသို့ ကျောင်းသား/သူ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)