ဆင်ပေါင်ဝဲ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၂၅)ဦးနှင့် ပြည်သူများအားသွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အောက်တိုဘာ၅ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအပေါ်ထပ်၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၂၅) ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးချို၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း ဆောင်ရွက်ရာတွင် သွေးတိုး၊ ဆီးချို ၊ နှလုံးရောဂါ တွေ့ရှိရပြီး လစဥ်ပုံမှန်ကြည့်ရှုကုသပေးနေကြောင်း သိရှိရသည်။
ဆက်လက်ပြီး ပြည်သူ (၁၆၀)ဦးကျော်နှင့်လူနာသစ်(၁၉)ဦးတို့အား သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ဆောင်ရွက်ခဲ့ကြပြီး ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသဆောင်ရွက်ပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်တိုက်နယ်ဆေးရုံတို့တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)