တောင်တွင်းကြီး အောက်တိုဘာ
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာလ ၅ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာရှိ အမှတ်(၁၉)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးရဲမင်းထွန်း အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဝင်းမေထွန်းက စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်နည်းသုံးနည်းနှင့် စာပေအမျိုးအစားသုံးမျိုးအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေးများဆိုင်ရာနှင့် ကုန်ညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေးဒေါ်ခင်မျိုးဆွေက လူငယ်များနှင့်ပတ်သက်၍ အားကစားနှင့်စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေယံမြင့်က တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခြင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ကို (ပြန်/ဆက်)