မြို့သစ် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များနှင့်အတူ မြေခြားကျေးရွာအလယ်တန်းကျောင်းသို့ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းကသွားရောက်ကာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က ယခုလူငယ်များသည် တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်လိုက်ကာ လက်ကိုင်ဖုန်းများသုံးစွဲမှုများပြားလာပြီး အင်တာနက်လိုင်းများအသုံးပြု၍ အကောင်းအဆိုးခွဲခြားတတ်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့်ဗဟုသုတများရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည်လည်း မည်မျှပင်ဟောင်းနွမ်းစေကာမူ ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုစေလိုကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကြောင်းအရာတို့ကိုဟောပြောခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်ဖြစ်သည့် ဆရာဦးမြင့်ကြည်က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအုပ်စုနှင့်အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရမှုများ၊ လူကုန်ကူးမှုနှင့်လူကုန်ကူးခံရပုံများအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ ဆက် )