ငဖဲ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု ရေပုတ်ကျေးရွာ၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) ၊ လူမှုတာဝန်ယူမှု(CSR) အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက် ပြီးစီးသည့် ဂါလံ ၅၀၀၀ဆံ့ မိုးရေစုကန် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာအတွင်း ဆောင်ရွက်ပြီးစီးသည့် ဂါလံ ၅၀၀၀ ဆံ့ မိုးရေစုကန်ကို ကြည့်ရှုစစ်ဆေးပြီး ယခုဘဏ္ဍာနှစ်တွင် ရေတွင်းတူးဖော်၍ မရနိုင်သည့် ပင်ဦးကျေးရွာအုပ်စုမှ ရေရှားပါးသည့် ရေပုတ်ကျေးရွာကို ရွေးချယ်ထားပြီး ကျေးရွာအရောက် ကွန်ကရစ်လောင်း၍ မိုးရေစုကန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြုလုပ်ပေးရာတွင် ဂါလံ ၅၀၀၀ဆံ့ ရေကန်အပြင် ရေတံလျှောက်၊ ပိုက်နှင့် ရေကန်အမိုးဖြင့် ပူးတွဲ၍ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ စာသင်ကျောင်းဆောင် အမိုးတံစဉ်းမြတ်အောက်ခြေတွင် လုပ်ငန်းများစတင်ဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာလကုန်တွင် လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူများအနေဖြင့် ရေကန်နှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျ အသုံးပြုရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် အလျား ၁၀ပေ၊ အနံ ၁၀ပေ၊ အမြင့် ၈ပေ ရှိ ဂါလံ ၅၀၀၀ ဆံ့ မိုးရေစုကန် ဆောင်ရွက်ပြီးစီးသည့်အသိအမှတ်ပြုကတ်ပြားကို ပေးအပ်ရာ ကျေးရွာခွဲတာဝန်ခံတစ်ဦးက လက်ခံ ရယူခဲ့သည်။
ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ရေပုတ်ကျေးရွာမှ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအတွက် သန့်ရှင်းသည့်သောက်သုံးရေ ဖူလုံ စေရန်၊ မိုးရေစုဆောင်း အသုံးချသည့် အလေ့အကျင့် တိုးပွားစေရန်၊ အမှန်တကယ် ရေလုံလောက် မှုမရှိသည့် ကျေးရွာများတွင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရေသယံဇာတ လေလွင့် ဆုံးရှုံးမှုမဖြစ်စေဘဲ အကျိုးရှိစေရန်နှင့် မိုးရေစုဆောင်းခြင်းအသိပညာ တိုးပွားလာစေရန် ရည်ရွယ်၍ ဂါလံ ၅၀၀၀ ဆံ့ မိုးရေစုကန် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)