မအူပင် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ရပ်/ ကျေး ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မဲရုံများအလိုက် တာဝန်ယူဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲရုံကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းသွင်းခြင်း၊ လုံခြုံမှုဆိုင်ရာဆောင်ရွက်ခြင်း၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ မဲရုံပိတ်သိမ်းခြင်း၊ မဲစာရင်းရေတွက်ခြင်း၊ ခက်ခဲသောအခြေအနေများအား ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် မြို့ပေါ်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး မဲရုံပေါင်း(၃၁၁)ရုံ ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၄၀၈၈၈)ဦး ရှိသည်။
အဆိုပါသင်တန်းသို့ မအူပင်မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများမှ မဲရုံမှူးနှင့် ဒုမဲရုံမှူး(၁၁၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၅ ရက်ဖြစ်ပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သင်တန်းအား လူစုလူဝေး မဖြစ်ပေါ်စေရန် မအူပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဧည့်ရိပ်သာ၊ အမှတ်(၁)စာရေးကုန်း အ.မ.က ကျောင်း၊ အမှတ်(၄) အ.ထ.က ကျောင်းနှင့်မဟာဗောဓိ အ.မ.က ကျောင်းတို့တွင်(၄)နေရာခွဲကာ သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)