မြောင်းမြ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်မြင့်က တက်ရောက်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးသီဟကျော်က သင်တန်းတက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား/သူ (၂၅၃) ဦးအား စာရင်းကောက်ယူရမည့်ပုံစံ၊ မေးမြန်းဖြည့်သွင်းရမည့် အချက်အလက်များ၊ စာရင်းကောက်ယူမည့် အချိန်ကာလတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပို့ချပြီး မုဆိုးကွင်းအုပ်စု သမ္ဘာန်ကျေးရွာတွင် လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)