မြိတ်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြိတ် အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂ဝ၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အထက(၁) ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပရာ အထက (၃) ကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က ဖတ်ကြားသည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာအထက်တန်းနှင့် အလယ်တန်း အဆင့်ပြိုင်ပွဲတွင် မြို့နယ်အဆင့် ဆုရရှိသူ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အထက(၁) ကျောင်းမှ ကျောင်းသား/သူ များက “လောကမီးအိမ်” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)