ကသာ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်၊ ကသာမြို့နယ် တုန်းပေါကျေးရွာမှ အိမ်ထောင်စု(၃၀)စုအားတစ်ပိုင်တစ်နိုင် တိုင်းရင်းကြက်မွေးမြူးရေး လုပ်ကိုင်နိုင်ရန်အတွက် တိုင်းရင်းကြက်(၃၀၀)ကောင်အား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားရာ၌ ကျေးလက်ဒေသကြက်မွေးမြူရေးသည် မြန်မာနိုင်ငံတွင် အရေးပါသော အသားထုတ်လုပ်မှုကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ကြက်မွေးမြူရေး၏ ၈၅ ရာခိုင်နှုန်းမှာ တိုင်းရင်းကြက်မွေးမြူရေးဖြစ်ပါကြောင်း၊ ကျေးလက်ကြက်မွေးမြူရေးသည် မွေးမြူသူများ အတွက်ဝင်ငွေကောင်းရစေနိုင်ပြီး ကျေးလက်ဒေသစီးပွားရေး တိုးတက်မှုအတွက်အရေးပါသော လုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်းနှင့် မွေးမြူရေးလုပ်ကိုင်ကြမည့် ပြည်သူများအနေဖြင့်လည်း ယခုထောက်ပံ့ပေးအပ်သော တိုင်းရင်းကြက်မွေးမြူရေးကို ပိုမိုတိုးတက်အောင်မြင်စေရန် ခရိုင်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၏ မွေးမြူရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ထို့နောက် တုန်းပေါကျေးရွာမှ အိမ်ထောင်စု (၁)စုလျှင် တိုင်းရင်းကြက်အထီး (၁)ကောင်နှင့် အမ(၉)ကောင်နှုန်းဖြင့် အိမ်ထောင်စု(၃၀)စုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညွန့်သောင်းနှင့် တာဝန်ရှိသူများက တိုင်းရင်းကြက် (၃၀၀) ကောင်ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)