ဖလမ်းမြို့၌ လူငယ်အသိပညာပေးဟော ပြောပွဲကျင်းပ

ဖလမ်း အောက်တိုဘာ ၇

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို လူငယ်များအသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ခရိုင်ပညာရေးမှူးဦးသွမ်လျန်က လူငယ်နှင့်ဘဝရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးဗန်ဘွဲ့သျှန်းက လူငယ်နှင့် ဆယ်ကျော်သက်အရွယ်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်ဟောပြောပြီး ဘောလုံးနှင့်ပိုက်ကျော်ခြင်းပိုက်တို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ထန်နွမ်က လက်ခံရယူသည်။

၎င်းနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလာလ်ထောင်းပြန်က စိုက်ပျိုးရေးကျောင်းတက်ခြင်းကြောင့်ရရှိနိုင်သော အကျိုးများနှင့် အခွင့်အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးလှခင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပြီးနောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ထန်နွမ်နှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရဲမြင့်အောင်