မကွေး အောက်တိုဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း အလားအလာကောင်းတဲ့ ဒေသထွက်ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် စက်မှုလုပ်ငန်းနှင့် ဒေသထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာန အကြီးအကဲများလိုက်ပါကာ မကွေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ရွှေပြည်သာ မြေပဲခွဲစက်၊ ဆီစက်၊ မြေပဲဆားလှော် ရောင်းဝယ်ရေးလုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချဆောင်ရွက်မှု အခြေအနေများ သွားရောက်ကြည့်ရှုခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေပြည်သာ မြေပဲခွဲစက်၊ ဆီစက်၊ မြေပဲဆားလှော် ရောင်းဝယ်ရေးလုပ်ငန်းသို့ ရောက်ရှိစဉ် မြေပဲတောင့်မှ မြေပဲဆီထွက်ရှိမှုအထိ စက်မှ အဆင့်ဆင့် ထွက်ရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုရာ လုပ်ငန်းရှင်မှ မြေပဲဆီသန့်ရရှိရန် မြေပဲတောင့်များ ကြိတ်ခွဲခြင်း၊ မြေပဲတောင့်နှင့်အတူ ပါလာသည့် အမှိုက်သရိုက်များ ဖယ်ရှားခြင်း၊ မြေပဲဆံ အသန့်များအား ဆီရရှိသည့် အဆင့်အထိ စက်ကိုအသုံးပြု၍ အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် မြေပဲဖတ်နှင့် နှမ်းဖတ်များ ထွက်ရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ရွှေပြည်သာ မြေပဲဆီစက်ပိုင်ရှင် ဦးခင်မောင်က မြေပဲခွဲစက်မှ တစ်နေ့ ထုတ်လုပ်မှုနှင့် တစ်နှစ်တာ ထုတ်လုပ်မှု အခြေအနေ၊ တောင်သူများထံမှ မြေပဲဝယ်ယူမှု၊ မြေပဲဖတ်၊ နှမ်းဖတ် ထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် မြေပဲ၊ နှမ်းထွက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံရဲ့စီးပွား ရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေးရှုတဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစေဖို့အတွက် MSMEs လုပ်ငန်းတွေကို အဓိကဆောင်ရွက်ကြဖို့ လိုအပ်သလို စက်ရုံ၊ အလုပ်ရုံတွေကိုလည်း နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးတို့ အတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ကာ၊ ထုတ်ကုန် အရည်အသွေး မြင့်မားလာခြင်းဖြင့် ဈေးကွက်ပိုမို ရရှိလာစေမှာဖြစ်ပြီး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရေးအတွက် ပြည်တွင်းပြည်ပဈေးကွက် အခိုင်အမာရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ၊ ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ