တောင်ငူ အောက်တိုဘာ ၇
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့က တောင်ငူမြို့ နတ်စင်ကုန်း အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဇင်သော်အောင်က “လူငယ်နှင့် Social Media ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမေသန္တာခိုင် က “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းဝေအောင်က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင်းပပလှိုင်က “ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအေးချမ်းမြေ့က “လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်မောင်ပြည့်စုံက “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဇွဲထက်ဇော်က “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလို သည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ကျောင်းသား လူငယ်များအတွက် သိမှတ်ဖွယ်ရာများအား ဖြည့်စွက်ဆွေးနွေးသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။
တောင်ငူ (ခရိုင်၊ ပြန်/ဆက်)