စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများနှင့် ဝန်ထမ်းများအား တန်ဖိုးသင့်စားသုံးဆီများရောင်းချပေး

စစ်ကိုင်း အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုနှင့်အတူ ရပ်ကွက်နေပြည်သူများ စားသုံးဆီဖူလုံစွာ စားသောက်နိုင်ရေး တန်ဖိုးသင့်စားသုံးဆီများကို ရပ်ကွက်များအတွင်း အလှည့်ကျလှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်နေပြည်သူများကို တန်ဖိုးသင့်စားသုံးဆီများကို နေ့စဉ်အလှည့်ကျ ရပ်ကွက်အတွင်းလှည့်လည် ရောင်းချပေးနေပါတယ် ရောင်းချတဲ့အခါမှာလည်း အိမ်ထောင်စုတစ်စုကို စားသုံးဆီ(၁)ပိဿာနှုန်း တန်ဖိုးသင့်စွာရောင်းချပေးပါတယ် ဝန်ထမ်းများကိုလည်း အပတ်စဉ်အလှည့်ကျ ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ(၂)ပိဿာကို တန်ဖိုးသင့်စွာ သက်ဆိုင်ရာဆီဆိုင်ကြီးတွေက ရောင်းချပေးနိုင်အောင် စီမံဆောင်ရွက်ပေးထားပါတယ် ထို့အတူပါပဲ စစ်ကိုင်းမြို့မှာဆို အပတ်စဉ်(စနေနေ့)တိုင်း ဌာနဆိုင်ရာပေါင်းစုံက ဝန်ထမ်းတွေနဲ့ စုပေါင်းသန့်ရှင်းရေးတွေ ပြုလုပ်ဆောင်ရွက်နေလျက်ရှိပါတယ် ဆောင်ရွက်တဲ့နေရာမှာလည်း ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံ/ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အချက်အချာကျသည့် လမ်းဘေးဝဲ/ယာနေရာတွေမှာ သန့်ရှင်းရေးဆောင်ရွက်ကြပါတယ် သန့်ရှင်းရေးလာရောက်ဆောင်ရွက်ကြတဲ့ ဝန်ထမ်းတွေကိုလည်းသီသန့်အဖြစ် အပတ်စဉ် စားသုံးဆီ (၅၀)ကျပ်သားနဲ့ ကြက်ဥ(၂)လုံးကို ကျပ်(၃၀၀၀)နဲ့ ရောင်းချပေးပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိအဖွဲ့ဝင်တစ်ဦးက ပြောပြ၍ သိရသည်။

စစ်ကိုင်းမြို့အနေဖြင့် ဒေသခံပြည်သူများ စားသုံးဆီလုံလောက်စွာစားသုံးနိုင်ရေးအတွက် အလှည့်ကျလှည့်လည်၍ တန်ဖိုးသင့်စွာရောင်းချပေးနေသလို အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်းများကိုလည်း အပတ်စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်