မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

ထားဝယ်    အောက်တိုဘာ ၆

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကို ၂၀၂၃ ခုနှစ်၊ မေလ(၁၀)ရက်နေ့ကစပြီးဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂၁)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကာ တိုင်းဒေသကြီး အတွင်းခရိုင်/မြို့နယ်အသီးသီးတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေး ဦးတည်ချက်၏တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်အတိုင်း လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းလူငယ်များက မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုအခန်းကဏ္ဍ မြင့်မားလာရေးအတွက် ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပိုမိုထိရောက် စွာဆောင်ရွက်ပေးနိုင်ရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်  အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိရာပညာရေးကဏ္ဍ၌ ပုံမှန်ပညာရေးမသင်ယူနိုင်ခဲ့သည့် ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သော မိဘမဲ့၊ မိမဲ့၊ ဖမဲ့၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းပြင်ပအသက်(၁၅)နှစ်မှ(၃၅)နှစ်အကြား ထူးချွန်လူငယ်များကို အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရန် ၂၀၂၃ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ထူးချွန်လူငယ် (၆)ဦးကို တစ်ဦး လျှင်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ရန်ခွင့်ပြုခဲ့ပြီးဖြစ်ပါသဖြင့် သတ်မှတ်ကာလအတွင်း (၁.၁.၂၀၂၄ရက်နေ့မှ ၃၁.၃.၂၀၂၄) အထိ ထောက်ပံ့သွားမှာဖြစ်ကြောင်းနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က  ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီသို့ အလှူငွေ ကျပ်သိန်း(၅၀)ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)