မြဝတီမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မြဝတီ အောက်တိုဘာ ၆

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများကို ပရိုဂျက်တာနှင့်တကွ အသိပညာပေး ဆွေးနွေးသည်။

၎င်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်တင်အေးရီက ဆရာဟူသည် တပည့်များအပေါ် ရှေ့ဆောင်လမ်းပြကောင်းမွန်သူ၊ အသိဉာဏ်ပညာ မြင့်မားအောင် သင်ကြားပေးယုံသာမက လိမ္မာရေးခြားရှိရေးနှင့် အကျင့်စာရိတ္ထကောင်းမွန်ရေး သွန်သင်လမ်းပြပေးသူများဖြစ်ကြောင်းဖြင့် အသိပညာပေး ဟောပြောသည်။

ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာပေဆိုင်ရာ ဗဟုသုတများနှင့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)