သရက်ချောင်း အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းသား/သူများအနေဖြင့် မိမိပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်များအကြောင်း၊ မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ဆောင်ထားရမည့်အသုံးဆောင်ပစ္စည်းများ၊ မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုရန်နှင့် နားထောင်ရန်လိုအပ်ကြောင်းတို့ကို ကျောင်းသား/သူများ သဘောပေါက်နားလည်စေရန် အကျယ်တဝင့် ကျောင်းသား/သူများနှင့်အတူ သရုပ်ပြခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)