ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘောဂလိ   အောက်တိုဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အကြောင်းအရာများ အသိပညာဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်သည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်က ပလတ်စတစ်စွန့်ပစ် ပစ္စည်းများသည် ပတ်ဝန်းကျင်ကိုသာမက ယင်းအမှိုက်များကို မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုများကို ဖြစ်စေတတ်ကြောင်း၊ ပလတ်စတစ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသောဓာတုပစ္စည်းများကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် သေးငယ်သောမိုက်ခရိုပလတ်စတစ်များအဖြစ် ပြိုကွဲသွားပြီး အစာကွင်းဆက်ထဲရောက်ရှိနိုင်သဖြင့် သက်ရှိများနှင့်လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊  ပလတ်စတစ်ညစ်ညမ်းမှုကြောင့်ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုဆိုင်ရာအကြောင်းအရာများ၊ အဏ္ဏဝါအမှိုက်သရိုက်လျှော့ချရေးအတွက် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို လူတစ်ဦးချင်းစီအလိုက် လိုက်ပါဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပစ္စည်းများကို ပြန်လည်သုံးစွဲခြင်းနှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်းဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။         

မူးလာလာ(ပြန်/ဆက်)