မြို့နယ်ဌာနဆိုင်ရာရုံးများတွင် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှု ရှိ/မရှိ ခရိုင်ဥက္ကဋ္ဌ လှည့်လည်ကြည့်ရှုစစ်ဆေး

ရေဦး အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေဦးခရိုင် ရေဦးမြို့တွင် မြို့နယ်အဆင့် ဌာနရုံးဝင်းခြံမြေ မြေလွတ်နေရာတို့တွင် စားဖိုဆောင်သီးနှံပင် များ စိုက်ပျိုးထားလျက်ရှိရာ အမှန် တကယ် စိုက်ပျိုးဖြစ်ထွန်းမှုရှိ/မရှိ ယနေ့ နံနက် ၁၀ နာရီက ရေဦးခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူရ ဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဌာနဆိုင်ရာရုံးတစ်ရုံးလျှင် စားဖိုဆောင်သီးနှံပင် (၁၀)မျိုးကို ဘောင်များဖြင့် စနစ်တကျစိုက်ပျိုးထားရှိ‌ရမည်ဖြစ်‌သော်လည်း ရာသီဥတုဒဏ်ခံနိုင်သော သီးနှံပင်များကို ဦးစားပေးပေးစိုက်ပျိုးသွားကြရန်၊ စိုက်ပျိုးဖြစ်ထွန်းမှု မရှိသေးသော ဌာနများအနေဖြင့် အချိန်မီပြန်လည်ပြုပြင် စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးပြီးဌာန အချို့အနေဖြင့် ယခုထက် ပိုမိုစိုက်ပျိုးပေးသွားရန်၊ အထူးသဖြင့် ရာသီအလိုက်သီးနှံပင်များ ရွေးချယ်၍  သီးနှံများ ထွက်ရှိသည်အထိ ဂရုတစိုက်စိုက်ပျိုးသွားစေလိုကြောင်း၊ သီးနှံပင်မစိုက်တတ်သော ဌာနများအနေဖြင့် ဖြစ်ထွန်းစွာ စိုက်ပျိုးထားသော ဌာနများထံ သွားရောက် လေ့လာမှတ်သား စိုက်ပျိုးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

စားဖိုဆောင်သီးနှံပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးထားရှိစေလိုခြင်းမှာ ယခုအခါ ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် ဌာနဆိုင်ရာရုံး မြေများတွင် စာဖိုဆောင် သီးနှံများ စိုက်ပျိုးထားခြင်းဖြင့် ဝန်ထမ်းမိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရ သည်။

သန်းသန်း (ရေဦး)