ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ သင်ကြားပို့ချခဲ့ပြီး ယနေ့နံနက်ပိုင်းက လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြသည်။

လက်တွေ့ကွင်းဆင်းကောက်ယူရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဇော်မင်းဦးနှင့် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက ရွှေကြို့ပင်ကျေးရွာအုပ်စု၊ ရွှေကြို့ပင်ရွာမ၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း မေးခွန်းလွှာအားမေးမြန်း၍ Mobile Phone/Tablet များတွင် Commcare Application အား အသုံးပြုထည့်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နိုဝင်ဘာလတွင်ကောက်ကွက်(၂၇)ကွက်သတ်မှတ်၍ အဆိုပါအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဇီးကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)