ကျောင်းကုန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အိမ်ခြံဝန်းထဲမှာ ကြက်တွေ၊ ဝက်တွေစနစ်တကျမွေးမြူကြရမယ်ဆိုရင် တကယ်အကျိုးရှိမှာ ဖြစ်တယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်အောင် မွေးမြူကြရမှာဖြစ်တယ်၊ နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေတွေ ချေးပေးနေကြောင်း၊ တိရစ္ဆာန်ကောင်ရေစာရင်း မှန်မှန်ကန်ကန် တိတိကျကျရမှ ဖူလုံမှုတွက်ချက်လို့ ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်မြင့်က မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှူန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၁)အုပ်စုမှ ကျေးရွာ(၈၂)ရွာနှင့် ရပ်ကွက်(၂)ခု တို့အား လာမည့်နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်ကာ ကောက်ယူသွား မည်ဖြစ်ပြီး၊ အဆို ပါ ရပ်ကွက်နှင့် ကျေးရွာ (၈၄)ခုမှ တိရစ္ဆာန်ကောင်ရေစာရင်းကို အိမ်တိုင်းစေ့ ကွက်ပြည့် ကောက်ယူသွားမည်ဖြစ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်ကြည်မြင့်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)