ဂန့်ဂေါ စက်တင်ဘာ ၆
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မြို့ပေါ်(၄)ရပ်ကွက်နှင့် (၅)မိုင်ဝန်းကျင်ရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး/ဆရာမကြီး(၇၀)ဦးအား ပင့်ဖိတ်၍ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်) ပုံညာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသည့် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများနှင့် ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ ဂန့်ဂေါမြို့နယ် ပညာရေးမှူး ဦးအောင်ဝင်းက ၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများက ပူဇော်ကန်တော့ကြကာ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများ၏ ကိုယ်စား အငြိမ်းစားဆရာကြီး ဦးတောက်လင်း နှင့် အငြိမ်းစားဆရာမကြီး ဒေါ်ခင်တင့်တို့က ဩဝါဒစကားများ မြွက်ကြားချီးမြှင့်ကြသည်။
ထို့နောက် အငြိမ်းစား ဆရာကြီး/ဆရာမကြီး တစ်ဦးလျှင် ကန်တော့ငွေကျပ် ၃၀၀၀၀/-နှင့် လက်ဆောင်ပစ္စည်းများကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကန့်တော့၍ ပေးအပ်ကြကာ တက်ရောက်လာကြသည့် ကန့်တော့ခံဆရာကြီး/ဆရာမကြီးများနှင့် ဧည့်သည်တော်များအား လဖက်ရည်နှင့်မုန့်များဖြင့်တည်ခင်းဧည့်ခံခဲ့သည်။အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီး များ၊ ကျောင်းဆရာ/ ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)