ကဝ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ရှမ်းကန်ကျေးရွာ၊ မကျက်ကြီးကျေးရွာ၊ အင်းဝကျေးရွာနှင့် ဘုမ္မဇိုးကျေးရွာများသို့ သွားရောက်၍ ဆောင်းသီးနှံ (မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့သည် ရှေးဦးစွာ ရှမ်းကန်ကျေးရွာသို့ သွားရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက ကဝမြို့နယ်တွင် (မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲ) သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့် အခြေအနေနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲကိုကိုက သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြေပဲသီးနှံတိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်များအား တောင်သူများသို့ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆောင်းသီးနှံ(မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ) သီးနှံတစ်မျိုးချင်းစီအလိုက် အထွက်နှုန်းတိုးတက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့မှ ရှမ်းကန်ကျေးရွာအုပ်စုအတွင်းရှိ မြေပဲစိုက်တောင်သူများထံ မြေပဲစိုက်ဧက (၁၅၄) ဧကအတွက် ဗီယက်နမ်မြေပဲမျိုး (၉၂၄)တင်းအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)