ကျုံပျော်တွင်  တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများ ဆောင်ရွက်။

ကျုံပျော် အောက်တိုဘာ ၆

ပြည်သူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခိုင်ထွန်းဇော်က အင်းရဲ အ-ထ-က ရှိ  ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ မိမိတို့ ဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကား ဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။

ထို့နောက် ဆေးရုံအုပ်ကြီး  ဦးဆောင်သည့် ကွင်းဆင်း ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမများနှင့်  ကျောင်းသား  ကျောင်းသူများအား  တစ်ဦးခြင်းအလိုက် တိုင်းရင်းဆေး  အခမဲ့ ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းများ လာရောက် ဆောင်ရွက်သည့် အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း  သိရသည်။

လပြည့်ဦး(ပြန်/ဆက်)