ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ် စဥ် (၃/၂၀၂၃) ဆင်းပွဲကျင်းပ

ဟင်္သာတ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဥ် (၃/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သင်တန်းသူများအနေဖြင့် ယခုလို ရက်တို သင်တန်းများမှသည် မိမိအတွက် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းများ တည်ထောင်နိုင်ပြီး ဒေသအတွက် MSME လုပ်ငန်းများ ပေါ်ထွက်လာစေရန် သင်တန်းမှ ရရှိလာသော အသိပညာ၊ အတတ်ပညာများကို မိမိတို့ဘဝအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချကြ စေလိုကြောင်း မှာကြားပါသည်။ ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်ဦးစီးဌာနမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့သော ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ယခုသင်တန်းမှသည် မိမိတို့မိသားစု တစ်ဦးချင်းစီ၏ ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလန်းကိုအမိအရ အသုံးချပြီး မိမိထုတ်ကုန် လုပ်ငန်းနှင့်ပတ်သက်၍ စဥ်ဆက်မပြတ်လေ့လာ ကြိုးပမ်း ဆောင်ရွက်ရင်းဖြင့် နိုင်ငံတော်က မျှော်မှန်းထားသည့် အသေးစားစက်မှုလက်မှု လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် နည်းပညာနှင့် သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးကူညီပေးပါသောအသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် နည်းပြဆရာများ၊ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူကြသည့် သင်တန်းသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း က ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား ဒေါ်မော်မော်ဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်အလိုက်   ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြသည်။

အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ ခရိုင်ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီမှူးဦးအောင်သက်ရှည်၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုသိန်းဇော်လင်း၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်း၊ ဟင်္သာတခရိုင် စက်မှုကြီးကြပ်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် သင်တန်းသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)