ချောင်းသာ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့တွင်း၊ မြို့ပြင်နှင့် ရုံးဌာန၊ သာသနိက အဆောက်အဦများ သန့်ရှင်းသာယာလှပရေး၊ ကမ်းခြေဖွံဖြိုးတိုးတက်ရေးနှင့် မော်တော်ဘုတ်၊ စက်ဘီး၊ မြင်းစီးခြင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ကမ်းခြေ စျေးရောင်းချသူများ စည်းကမ်းရှိစွာ လုပ်ကိုင်ရောင်းချစေရေးနှင့် ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့များက စဉ်ဆက်မပြတ် စောင့်ကြည့်ရေး၊ ကျောင်းနှင့် ရပ်ရွာအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့် ဒေသလုံခြုံရေးတို့ကို ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြသည်။
အဆိုပါ ချောင်းသာဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)