ချောက် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က ချောက်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း မြရိပ်ညိုခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲနှင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်းအဆင့်စာစီကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားတွင် ခရိုင်ပညာရေးမှူးဦးမန်းအောင်က အာစရိယဖယောင်းတိုင်အား ထွန်းညှိပြီး အထက(၁) ကျောင်းသား/ကျောင်းသူလေးများက “ မြတ်ဆရာ”သီချင်း ဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။ထို့နောက် ကန်တော့ခံဆရာကြီး/ဆရာမကြီးများအား ဆရာကြီး ဦးအောင်ကြီးမြင့်နှင့် တက်ရောက်လာသူများက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ ဝတ္ထုငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက်ကန်တော့ခံဆရာကြီးဦးတင်ထွန်းမှ ဆုပေးစကားများပြောကြားခဲ့ပြီး ဆရာကြီးဦးအောင်ကြီးမြင့်က``အပြုံးလှဆရာ"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ဆက်လက်၍ ခရိုင်ပညာရေးမှူးဦးမန်းအောင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်စာစီကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အထက(ခွဲ)ထိန်ကန်ကျောင်းမှ ကျောင်းသူလေးမဝင့်ဝါဦးက "အာစရိယဂုဏေအနန္တော" သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်ကမ္ဘာ့ဆရာများနေ့တွင် အသက်(၇၅)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ်၃၀၀၀၀နှုန်းဖြင့် ချောက်မြို့နယ်အတွင်းရှိ ဆရာကြီး/ဆရာမကြီး(၁၀၂)ဦးအား ပူဇော်ကန်တော့ခြင်းဖြစ်ပြီးအခမ်းအနားမတက်ရောက်နိုင်သည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးများမှတစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြု ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)