မုံရွာမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မုံရွာ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ အသက် (၂) လမှ (၁နှစ်ခွဲ) ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကုတင်(၂၀၀)ဆံ့ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ (အိုးဘိုတောင်ဆေးရုံ)တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို မုံရွာမြို့ ဒေါနခြံရပ်ကွက်  မြဝတီ ဂရုဏာဆေးပေးခန်းနှင့် အလုံကျေးလက်ကျန်းမာရေးဌာနတို့တွင် စုရပ်များခွဲပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိ​ပြီး ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက် ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)