ရွှေကျင် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာပြီး စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုများတိုးပွား၍ စာပေချစ်သူများတစ်ဦးနှင့်တစ်းဦး ပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club) အဖွဲ့ဝင် ဦးခင်မောင်၊ (Woman Club) အဖွဲ့ဝင် ဒေါ်ထွေးကြည်၊ မသဇင်၊ မခင်သူဇာတို့က "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ ခေါင်းစဉ်အလိုက်ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ခေါင်းစဉ်တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)