ငဖဲမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ငဖဲ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ငဖဲမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးကျော်စိုးက အဂတိတရား(၄)ပါးအကြောင်း၊ ဌာနဆိုင်ရာများနှင့် နိုင်ငံဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု ကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်က မိမိရပိုင်ခွင့်အခွင့်အရေးကနေကျော်လွန်ပြီး တောင်းခံပါက အဂတိလိုက်စားမှုမြောက်ကြောင်း၊  မိမိ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး တံစိုးလက်ဆောင်များ ရယူခြင်းမပြုလုပ်ကြရန်နှင့် မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက နိုင်ငံတကာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိ လိုက်စားမှုကြောင့်ဖြစ်ပေါ်လာသည့် နစ်နာမှုများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များနှင့် အဂတိလိုက်စားမှုဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေး မှူးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ငဖဲမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးကျော်စိုး နှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)