ကြံခင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကြံခင်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က (အ.ထ.က-၁) ကျောင်း၊ အောင်ကျော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို (အ.ထ.က-၁)ကျောင်းမှ ကျောင်းသား/သူများက "မြတ်ဆရာ" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်း က ဖတ်ကြားသည်။

ထို့နောက်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီးနောက်၊  (အ.ထ.က-၁)ကျောင်းမှ ကျောင်းသား/သူများက "မြတ်ဆရာသခင် ကန်တော့ပန်းဆင်" သီချင်း ဖြင့်ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက်မြို့နယ်အတွင်းရှိ အသက်(၇၀)ပြည့် အငြိမ်းစားဆရာကြီး/ ဆရာမကြီး(၅၈)ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ် (၁၀၀၀၀ဝိ/)ဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများကပေးအပ်ကာ ကန်တော့ချိုးဖြင့် ကန်တော့ခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်ပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီး(၂)ဦးနှင့် ဆရာမကြီး (၂)ဦးတို့က ဩဝါဒစကားချီးမြှင့်ပေးကြပြီးနောက် (အ.ထ.က-၁) ကျောင်းမှ ကျောင်းသူလေးများက "ကဗျာလွတ်အက" ဖြင့် ဖျော်ဖြေကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)