ဟုမ္မလင်းမြို့၌ လက်ဖက်စိုက်တောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပ၍ ဟုမ္မလင်း မြို့နယ်အတွင်းရှိ လက်ဖက်စိက်ပျိုး ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လက်ဖက်စိုက်တောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက လက်ဖက်စိုက်တောင်သူများနှင့် လက်ဖက်လုပ်ငန်း ရှင်များ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော လက်ဖက်စိုက်တောင်သူများအား တာဝန်ရှိသူများက ဝါးလက်ဖက်ပေါင်းချောင် (၂)လုံး ပံ့ပိုးပစ္စည်းများ၊ လက်ဖက်ပျိုးပင်၊ လိုင်ချီးပင်၊ ကြက်မောက်ပင်၊ မက္ကဒေးမီယားပင် စသော နှစ်ရှည်သီးနှံပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်က ဟုမ္မလင်းမြို့နယ် လက်ဖက်စိုက် တောင်သူများနှင့် လုပ်ငန်းရှင်များအား Virtual System ဖြင့် မိတ်ဆက်ခြင်းနှင့် ဟုမ္မလင်း လက်ဖက်စျေးကွက် ရရှိရေး အကြံပြုဆွေးနွေးပေးခြင်း၊ ဒုတိယဦးစီးမှူး ဦးမိုးမင်းက ဟုမ္မလင်းဒေ၏ ဒေသတစ်ခုထုတ်ကုန်တစ်မျိုးအဖြစ် ထုတ်လုပ်မည့် ဟုမ္မလင်းလက်ဖက်နှင့် ပတ်သက်၍ Power point ဖြင့်ဆွေးနွေးခြင်း၊ ဒု-လ/ထောက်ဦးစီးမှူးများက လက်ဖက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ အယ်နီညိုဖြစ်ပေါ်မှုအပေါ် သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် လက်ရှိ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုအပေါ် ပြုပြင်သင့်သည့် အချက်များအား Power point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော လက်ဖက်စိုက်တောင်သူများနှင့် လုပ်ငန်းရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာအုပ်စု၊ ကောယားကျေးရွာအုပ်စု၊ ထိန်ကင်းကျေးရွာအုပ်စု၊ ခေါင်ခမ်းကျေးရွာအုပ်စုများရှိ လက်ဖက်စိုက်တောင်သူများနှင့် လက်ဖက်လုပ်ငန်းရှင်များ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)