ပေါက်ခေါင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မသော်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်းရသပညာ (တေးကဗျာနှင့်ပုံပြော) ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဦးစွာ အ.ထ.က - ဓမ္မသော်ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မူလတန်းအဆင့် ရသပညာပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များဖြစ်သော အပြောအဆိုလိမ္မာယဉ်ကျေးလာစေရန်၊ အနုပညာဂီတကို ခံစားနားလည်တတ်စေရန်၊ လူအများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ နှုတ်မှုစွမ်းရည်နှင့် တီထွင်ဖန်တီးနိုင်မှုများ ပြုလုပ်နိုင်စေရန်အတွက် ယခုပြိုင်ပွဲမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များစိတ်ဓာတ်ခွန်အားတွေရရှိပြီး အသိအမြင်ဗဟုသုတတွေနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဓမ္မသော်တိုက်နယ် ဆရာဝန်ကြီးဒေါက်တာမျိုးမင်းဇော်က အမှာစကားပြောကြားပြီး အထက်တန်းကျောင်းသားတစ်ဦးမှ လူချွန်လူကောင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ ထို့နောက် တေးကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာ၊ ပုံပြင်ခေါင်းစဉ်အသီးသီးဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)