ကသာမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ကသာ အောက်တိုဘာ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပညာရေးဌာနမှ ဆရာ၊ ဆရာမများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် အာစရိယပူဇော်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းပြောကြား၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ပညာရေးအငြိမ်းစား ဆရာကြီးဦးထွန်းဝင်းမှ ဆုံးမဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အလက (အောင်ချမ်းသာ)မှ ကျောင်းအုပ်ဆရာကြီးက “ခွင့်လွှတ်ပါဆရာ” သီချင်းဖြင့်လည်းကောင်း၊ အ.လ.က (၃)မှ ကျောင်းအုပ်ဆရာကြီးက “ရွှေရတုအလွမ်း” သီချင်းဖြင့် လည်းကောင်း၊ မူလွန်(တိုက်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီးက “မြတ်ဆရာ” သီချင်းဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် “ကိုယ့်ရပ်ဌာနေ” သီချင်းဖြင့်လည်းကောင်း အသီးသီးသီဆိုဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက်ကသာမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဂါဝရလက်ဆောင်များ ပေးအပ်ကြသည်။

အခမ်းအနားတွင် ပူဇော်ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးတို့အား တက်ရောက်လာကြသူများက ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ ဆရာကြီးနှစ်ဦးက ဆုံးမဩဝါဒစကားပြောကြားသည်။ အဆိုပါ “ကမ္ဘာ့ဆရာများနေ့”အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး (၇၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)