ကလေးဝမြို့တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ

ကလေးဝ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက မြတ်ဆရာသီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သည့် စုပေါင်းသဝဏ်လွှာအား  မြို့နယ်ပညာရေးမှူး ဦးကျင်လျန်နန်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပညာရေးဝန်ထမ်းများအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသော ဆရာ ဆရာမများ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အသက်(၇၀)အထက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဆရာကန်တော့ချိုးဖြင့်ကန်တော့၍ ဂါရဝပြုပူဇော်ငွေများ ပေးအပ်ခဲ့ရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီး ဦးလှတင်နှင့် အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်အေး တို့က ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)