ဝါးခယ်မ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဆရာကြီး ဦးတင်စိုးက ဖတ်ကြားခဲ့သည်။
ယင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကမ္ဘာ့ဆရာ များနေ့ကို ဂုဏ်ပြုသောအားဖြင့် "အပြုံးပန်းလှတဲ့ဆရာ" သီးချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခြင်း၊ အသက်(၇၀)နှစ်နှင့် အထက် ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်း၊ ပူဇော်ခံဆရာကြီး၊ ဆရာမကြီးကိုယ်စား ဆရာကြီးတစ်ဦးမှ ဆုပေးစကားပြန်လည်ပြောကြားခြင်းနှင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)