လွိုင်ကော် အောက်တိုဘာ ၆
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္တဝါစကပဏ္ဍိတ) ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒေသကွပ်ကဲရေးမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပထမကြီးတန်း ၊ ပထမလတ်တန်း ၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းနှင့် နိကာယ်အုပ်စု(၈)ကျမ်းပြီး စာအောင်ဆုရသံဃာတော်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက ပထမကြီးတန်း ၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းစာအောင်ဆုရသီလရှင်များနှင့် ဝိသုဒ္ဓိမဂ်နှင့်အဘိဓမ္မာ စာအောင်ဆုရ လူပုဂ္ဂိုလ်များအားလည်းကောင်း ဂုဏ်ပြုအလှူတော်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္တဝါစကပဏ္ဍိတ) ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်း သဘင်မင်္ဂလာအခမ်းအနားတွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ ၊ ပထမကြီးတန်း၊ ပထမလယ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ နိကာယ်ကျမ်းနှင့် ဝိသုဒ္ဓိမဂ် ၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်၊ ရိုးရိုး)စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်(၁၁၄)ပါး/ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့် လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)